BBC navigation

တပတ်အတွင်း အားကစား သတင်း

နောက်ဆုံး ရေးသားချိန် 16 ဒီဇင်ဘာလ 2012 - 21:05 GMT

မီဒီယာ ပလေးယား

မြန်မာ့ ရိုးရာ လက်ဝှေ့ နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၇

နားထောင်ရနmp3

ဒီမီဒီယာကို ဖွင့်၍မရပါ

တခြား Media Player ဖြင့် ဖွင့်ပါ

van persie

ပရီးမီးယားလိဂ်မှာ ၁၂ ဂိုးသွင်းပြီးဖြစ်တဲ့ ဗန်ပါစီ

မင်္ဂလာပါ။

ပရီးမီးယား လိဂ် ပွဲစဉ် ၁၇ က ပွဲစဉ် တွေအကြောင်းနဲ့ လက်ဝှေ့ လောကက နောက်ဆုံး ၂ ပွဲ ထိုးခဲ့ရာမှာ နှစ်ပွဲလုံး ရှုံးပြီး ချန်ပီယံ ဆုတွေ လက်လွှတ်ခဲ့ ရတဲ့ လက်ဝှေ့သမား တကြော့ပြန် သရဖူ ရှာပြန်တော့ ဘာဖြစ်သွား ခဲ့သလဲ ဆိုတာတွေကို တင်ဆက် ပေးသွားမှာ ဖြစ်ပါတယ်။

ဗြိတိန်က လက်ဝှေ့ကျော် အမီယာ ခမ်းဟာ ဆိုရင် လူငယ် လက်ရည်တက် လက်ဝှေ့ သမားအဖြစ် ငယ်ငယ် ရွယ်ရွယ်နဲ့ အောင်မြင်မှု တွေရခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့ လက်ဝှေ့ အဖွဲ့ချုပ် ၂ ခုရဲ့ ချန်ပီယံ ဖြစ်ခဲ့ဖူး တဲ့အထိ အောင်မြင် ခဲ့ပေမယ့် နောက်ဆုံး ထိုးခဲ့တဲ့ သရဖူ ကာကွယ်ပွဲ ၂ ပွဲစလုံးမှာ ရှုံးခဲ့လို့ သူ့ရဲ့ သရဖူတွေ လက်လွှတ် ခဲ့ရပါတယ်။

အခုတော့ သူဟာ WBC လက်ဝှေ့ အဖွဲ့ချုပ်က လစ်လပ် နေတဲ့ လိုက်ဝဲလ်တာဝိတ် သရဖူကို ချိန်ပြန်ပါတယ်။

အမေရိကန် ပြည်ထောင်စု လော့စ် အိန်ဂျယ်လိစ် မှာ ထိုးခဲ့ကြတဲ့ အမီယာ ခမ်းနဲ့ ရှုံးပွဲမရှိသေးတဲ့ ကားလို့စ် မိုလီနာ တို့ ပွဲမတိုင်ခင် တုန်းက လူတိုင်းက ဒီပွဲဟာ အမီယာ ခမ်းအဖို့ သူ့လက်ဝှေ့ ရှေ့ရေးကို ဆုံးဖြတ် ပေးမယ့် ပွဲပဲ ဖြစ်တယ်လို့ ဆိုနေကြတာပါ။

သူဟာအသက် အားဖြင့် ၂၆ နှစ် ရှိနေပြီ ဖြစ်ပြီး နောက်ဆုံး ထိုးခဲ့တဲ့ ၂ ပွဲမှာ ဒန်နီ ဂါဆီးယားနဲ့ လာမောင့် ပက်တာဆင် တို့ကို ရှုံးခဲ့တဲ့ အတွက် သူ့ ရဲ့ WBA နဲ့ IBF ဝဲလ်တာဝိတ် သရဖူတွေကို စွန့်လွှတ်ထားခဲ့ရလို့ အခုပွဲပါ ထပ်ရှုံး လို့ကတော့ အမီယာခမ်း ပွဲသိမ်း သွားမယ်လို့ ပြောနေခဲ့ကြတာပါ။

ဒါပေမယ့် ဒီပွဲမှာတော့ ခမ်းက ပွဲစကတည်းက လက်ရည် အသာနဲ့ ဖိထိုး ထားနိုင်ခဲ့ပါတယ်။ မိုလီနာ ဘယ်မျက်ခုံး ပထမအချီမှာထဲက ကွဲသွား ခဲ့ပြီး တောက်လျှောက် သွေးသံရဲရဲနဲ့ ပဲ ထိုးသွား ခဲ့ရတာ ဖြစ်ပါတယ်။ ၁၀ ချီ အထိ ထိုးပြီးတဲ့ အခါမှာတော့ မျက်ခုံး အကွဲက ပိုပြီး ဆိုးလာခဲ့လို့ ဒိုင်က ခမ်းကို အနိုင်ပေးခဲ့ပါတယ်။

အခုပွဲနိုင်လိုက်လို့ ခမ်းဟာ WBC ရဲ့ လိုက်ဝဲလ်တာဝိတ် ချန်ပီယံ လဲ ဖြစ်သွားခဲ့ပါတယ်။ အရင် ၂ ပွဲ ရှုံးထားခဲ့တဲ့ ခမ်းဟာ နည်းပြ ပြောင်းပြီး လေ့ကျင့် နေခဲ့ရာက အခုပွဲ ပြန်နိုင်လိုက်လို့ လက်ဝှေ့ စင်မြင်ပေါ်မှာ တခါပြန်ပြီး ထင်ပေါ်လာခဲ့ပြန်ပါပြီ ။

အခုတော့ ကမ္ဘာ့ လက်ဝှေ့ လောကကနေ ကမ္ဘာနဲ့ မြန်မာ တွေ့ခဲ့ကြတဲ့ မြန်မာ့ ရိုးရာ လက်ဝှေ့ဘက်ကို တချက် ကြည့်ရအောင်ပါ။

မြန်မာ နိုင်ငံမှာ ကျင်းပနေတဲ့ ပဉ္စမ အကြိမ် ဒဂုံ ရွှေအောင်လံ လုပွဲ ရဲ့ ပထမတန်း ဒဂုံ ရွှေအောင်လံ ဆီးမီး ဖိုင်နယ် ပွဲစဉ် ၁ မှာ မြန်မာ့ လက်ဝှေ့ကျော် တွေ့မရှောင်နဲ့ အီရန်က လက်ဝှေ့ကျော်တို့ တွေ့ခဲ့ကြပါတယ်။ သရေမရှိ အရှုံး အနိုင် ပေါ်သည် အထိ ထိုးရတာ ဖြစ်လို့ ဘယ်သူ အသဲမာလို့ ဗိုလ်လုပွဲ အထိ တက်နိုင်ခဲ့သလဲ ဆိုရင်တော့ မြန်မာ့ လက်ဝှေ့ကျော် တွေ့မရှောင်က ပညာပါပါ ရဲရဲ ဝံ့ဝံ့ နဲ့ အီရန် လက်ဝှေ့ကျော်ကို အနိုင်ထိုးသွား ခဲ့ပါတယ်။

အခုတော့ ဘောလုံး ဘက်ကို ကြည့်ရအောင်ပါ။

ပရီးမီးယား လိဂ် ပွဲစဉ်တွေလည်း အရှိန်ရလာလိုက်တာ အခုဆို အသင်း တော်တော်များများဟာ ဒီသတင်းပတ် ကုန်မှာ ပွဲစဉ် ၁၇ အထိ တောင် ကန်ပြီး ကြပြီ ဖြစ်ပါတယ်။

စနေနေ့က ကန်ခဲ့ကြတဲ့ အင်္ဂလိပ် ပရီးမီးယား လိဂ် ပွဲစဉ်တွေမှာတော့

နယူးကာဆယ် ယူနိုက်တက်ကို မန်စီးတီးက ၃ ဂိုး ၁ ဂိုး နဲ့ နိုင်သွား ခဲ့ပါတယ်။

တခါ လစ်ဗာပူး အသင်းကိုလည်း အက်စ္စတန် ဗီလာက ၃ ဂိုး ၁ ဂိုး နဲ့ပဲ နိုင်ပါတယ်။

နောက်တပွဲ မှာလည်း မန်ချက်စတာ ယူနိုက်တက်က အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်မှာ ရုန်းကန်နေရတဲ့ ဆန်းဒါးလန်း အသင်းကို ၃ ဂိုး ၁ ဂိုး နဲ့ နိုင်ပြန်ပါတယ်။

အခုတလော ခြေတက်နေတဲ့ နောရစ် စီးတီး အသင်းက ဝစ်ဂန် အသင်းကို ၂ ဂိုး ၁ ဂိုး နဲ့နိုင်ပါတယ်။

စတုခ် စီးတီးနဲ့ အဲဗာတန်တို့ ပွဲမှာတော့ ၁ ဂိုး စီသရေကျ ပါတယ်။

ဒီနှစ်ထဲမှာ နိုင်ပွဲမရသေးတဲ့ ကျူပီအာ အသင်းကတော့ အိမ်နီးချင်း ဖူလမ်နဲ့ဒါဘီပွဲ ကန်ခဲ့ရာမှာ ကျူပီအာ အသင်းက တာရဘ် ခြေစွမ်းတွေပြလို့ ၅၂ မိနစ်နဲ့ ၆၈ မိနစ် တွေမှာ ကျူပီအာအတွက် အနိုင်ဂိုး တွေ သွင်းပေးနိုင် ခဲ့လို့ ပွဲအပြီးမှာ ကျူပီအာက ၂ ဂိုး ၁ ဂိုးနဲ့ နိုင်ပြီး ဒီနှစ် အတွက် ပထမဆုံး နိုင်ပွဲကို ရရှိသွား ခဲ့ပြီ ဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ အရင် တော့တင်ဟမ် နည်းပြ လုပ်ခဲ့တုန်းက တာရဘ် ကို ကျူပီအာကို ရောင်းခဲ့တဲ့ ဟယ်ရီ ရဒ်နက်က

တာရဘ်ဟာ အင်မတန် ထူးချွန်တဲ့ ဘောလုံး သမားပါ။ အရင် တော့တင်ဟမ်မှာ တုန်းက ကွင်းလယ် ထူးချွန်တဲ့ ကစားသမား တွေများနေလို့သာ သူ့ကို ကျူပီအာကို ရောင်းခဲ့ရတာပါ။ သူ့ရဲ့ ပင်ကို စွမ်းရည်က ကမ္ဘာ့ အကောင်းဆုံး ဘောလုံး သမားတွေလို ပါပဲ။ သူဟာ အင်မတန်ကို ကောင်းတဲ့ ဘောလုံး သမားတယောက် ဖြစ်လာနိုင်ပါတယ် လို့ ပြောကြား သွား ခဲ့ပါတယ်။

တနင်္ဂနွေ နေ့မှာတော့ ၂ ပွဲကစား ခဲ့ကြပါတယ်။

တော့တင်ဟမ် ဟော့စပါးစ်နဲ့ အပေးအယူ အကွက်မိမိ နဲ့ကစားတတ်တဲ့ ဆွမ်ဆီး စီးတီးတို့ ပွဲမှာတော့ စပါးစ်က ခက်ခက်ခဲခဲ ကစားပြီး ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူ သွားခဲ့ပါတယ်။

တခါဝက်စဘရောမ်းရဲ့ ကွင်းမှာ ကစားခဲ့ကြတဲ့ ဝက်စ်ဘရောမ်းနဲ့ ဝက်စ်ဟမ်း ယူနိုက်တက်တို့ ပွဲမှာတော့ ဂိုးမရှိ သရေနဲ့ပဲ ပွဲပြီးသွား ခဲ့ပါတယ်။

လက်ရှိ အချိန် ၁၇ ပွဲ အပြီးမှာတော့ ပရီးမီးယား လိဂ် ဇယားကို မန်ချက်စတာ ယူနိုက်တက်က ၄၂ မှတ်နဲ့ ဦးဆောင် နေဆဲ ဖြစ်ပြီး သူ့နောက်မှာ မန်ချက်စတာ စီးတီးက ၃၆ မှတ် နဲ့ ဒုတိယ ချဲလ်ဆီးက ၂၉ မှတ်နဲ့ တတိယ နေရာမှာ ရှိနေဆဲ ဖြစ်ပါတယ်။

ချဲလ်ဆီး အသင်းကတော့ ကမ္ဘာ့ ကလပ်အသင်း ချန်ပီယံ ဖလား ပြိုင်ပွဲ ကို ဂျပန်မှာ သွား ကန်နေခဲ့လို့ ဒီတပတ် ပွဲစဉ်တွေမှာ မပါနိုင်ခဲ့ပါဘူး။ တခါ အာဆင်နယ် အသင်းကလည်း မြန်မာ အချိန် အင်္ဂါနေ့ မနက် အစောပိုင်းမှာ ရဒ်ဒီးန်း အသင်းနဲ့ ပွဲစဉ် ၁၇ ကို ကစား သွားရမှာ ဖြစ်ပါတယ်။

ခုနက ကမ္ဘာ့ ကလပ် ချန်ပီယံ ဖလားကို သွားပြိုင်ခဲ့တဲ့ ချဲလ်ဆီးကတော့ နောက်ဆုံး ဗိုလ်လုပွဲမှာ ဘရာဇီးက ကိုရင်သီရန် အသင်းကို ၁ ဂိုး ဂိုမရှိနဲ့ ရှုံးနိမ့် သွားခဲ့လို့ ချန်ပီယံ လိဂ်က ထွက်ပြီး ဘာမှ မကြာသေးခင်မှာ နောက်ထပ် ချန်ပီယံ ဖလား တလုံးနဲ့ပါ ထပ်ပြီး လွဲခဲ့ရပြန်ပြီ ဖြစ်ကြောင်း ပြောရင်း အားကစား သတင်းတွေကို ဒီမှာပဲ အဆုံး သတ်ပါတယ်။

Multimedia

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။