BBC navigation

တပတ်အတွင်းအားကစား သတင်း

နောက်ဆုံး ရေးသားချိန် 9 ဒီဇင်ဘာလ 2012 - 22:04 GMT

မီဒီယာ ပလေးယား

နောက်ဆုံး မိနစ်အထိ ဂိုးတွေ သွင်းခဲ့ကြတဲ့ မန်ချက်စတာ ဒါဘီမှာ ဘယ်သူ နိုင်ခဲ့သလဲ။

နားထောင်ရနmp3

ဒီမီဒီယာကို ဖွင့်၍မရပါ

တခြား Media Player ဖြင့် ဖွင့်ပါ

robin_van_persie_rooney

မန်ယူအတွက် ဂိုးတွေသွင်းပေးခဲ့ကြတဲ့ ရူနီနဲ့ ဗန်ပါစီ

အင်္ဂလိပ် ပရီးမီးယား လိဂ် ဇယားရဲ့ ထိပ်က ပြေးနေတဲ့ မန်ချက်စတာ က မြို့ခံ ၂ သင်း တွေ့ကြတဲ့ အခါ၊ တနည်းအားဖြင့် ပရီးမီးယား လိဂ်ရဲ့ တိုက်စစ်အား အကောင်းဆုံး အသင်းနဲ့ ခံစစ်အလုံဆုံး အသင်းတွေ ဆုံကြတဲ့ အခါ မန်ချက်စတာ နီသွားသလား ၊ ပြာသွား သလား ဆိုတာကို တင်ဆက်ပေးသွား ဖို့ ရှိပါတယ်။

အခုတော့ ဘောလုံး နဲ့ မစခင် လက်ဝှေ့ အကြောင်းလေးနဲ့ စပါရစေ။

အမေရိကန် ပြည်ထောင်စု လာ့စ် ဗေးဂတ်စ်မှာ ကျင်းပခဲ့တဲ့ ဝဲလ်တာဝိတ် လက်ဝှေ့ပွဲကတော့ လက်ဝှေ့ ပရိတ်သတ်တွေ မျှော်လင့် စောင့်စား နေခဲ့ကြတဲ့ ပွဲပါ။

နာမည်ကြီး ဖိလစ်ပိုင် လက်ဝှေ့ကျော် မန်နီ ပက်ကီယိုနဲ့ မက္ကဆီကန် လက်ဝှေ့ကျော် ဟွမ် မန်နျူရယ် မားကက်ဇ် တို့ရဲ့ ပွဲပါ။

သူတို့ နှစ်ဦးဟာ အရင်က ဆူပါ ဖယ်သာဝိတ် တန်းမှာ နှစ်ကြိမ် တွေ့ခဲ့ကြရာမှာ ပထမပွဲက သရေကျပါတယ်။ ဒုတိယ ပွဲမှာတော့ ပက်ကီယိုက ကပ်ပြီး နိုင်ပါတယ်။

တခါ တတိယပွဲ အဖြစ် ဝဲလ်တာဝိတ် ချန်ပီယံ လုခဲ့ကြရာမှာ ပက်ကီယိုကပဲ ပွတ်ကာသီကာ နိုင်ထား ခဲ့တာပါ။

အဲဒီ ပွဲနဲ့ ပတ်သက်လို့ တော်တော်များများက ဒီပွဲရဲ့ ဒိုင်အဆုံးအဖြတ် ဟာဖြင့် မှားယွင်းတယ်လို့ ပြောထား ခဲ့ကြတာ ဖြစ်ပါတယ်။

အခု စတုတ္ထပွဲမှာတော့ တတိယ အချီမှာ ပါကီယို တခါလဲခဲ့ပေမယ့် ပါကီယိုကပဲ ၄၇ မှတ် ၄၆ မှတ်နဲ့ ဦးဆောင် နေခဲ့ပါတယ်။ဒါပေမယ့် ဆဋ္ဌမ အချီ အရောက်မတော့ အချိန်ပြည့်ဖို့ ၁ စက္ကန့် အလိုမှာ မားကက်ဇ်ရဲ့ ညာလက်သီး မိပြီး ပါကီယို မှောက်သွား ခဲ့လို့ မားကက်ဇ်က အလဲထိုးနဲ့ နိုင်သွား ခဲ့ပါတယ်။ မှောက်သွား ခဲ့တာမှ တကယ်ကို မှောက်သွား ခဲ့တာ ဖြစ်ပြီး ၂ မိနစ် လောက်အထိ မလှုပ်တော့လို့ သူ့အသင်းကပဲ ဆွဲထူပေးခဲ့ ရတဲ့ အထိ ဖြစ်သွား ခဲ့ပါတယ်။

ပါကီယို အတွက်ကတော့ ဒီပွဲ ရှုံးသွား ခဲ့လို့ ပြီးခဲ့တဲ့ ဇွန်လက တင်မသီ ဘရဒ်တလေကို အငြင်းပွားဖွယ် ရှုံးနိမ့် ခဲ့ရတဲ့ ပွဲနဲ့ဆို ၂ ပွဲဆက် ရှုံးခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ နည်းပြ ဖရဒ်ဒီ ရို့(ချ) ကတော့

သူ့လူ ပါကီယို ဆက်ထိုးသင့် မသင့်ကို နောက်မှ ကြည့်ပြီး ဆုံးဖြတ် သွားမယ် အခုပွဲမှာလည်း နိုင်ချေရှိနေပြီးမှ ဒီတလုံးကောင်း မိသွားခဲ့ရတာ ဖြစ်တယ်လို့ ပြောသွား ခဲ့ပါတယ်။

အခုတော့ ဘောလုံး ဘက်ကို လှည့်ရအောင်ပါ။

ပြီးခဲ့တဲ့ သတင်းပတ် လည်တွေမှာ ချန်ပီယံလိဂ် ပြိုင်ပွဲတွေရဲ့ အုပ်စု နောက်ဆုံး ပွဲတွေ ကစား ခဲ့ကြပါတယ်။

ပရီးမီးယား လိဂ်ရဲ့ လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးကတော့ ၆ ပွဲကစား ၃ ပွဲသရေ ၃ ပွဲရှုံးနဲ့ နိုင်ပွဲတပွဲမှ မရခဲ့ဘဲ အုပ်စုကပဲ နုတ်ဆက်ခဲ့ရသလို မနှစ်က ချန်ပီယံ ချဲလ်ဆီးကလဲ အုပ်စု တတိယ နေရာသာ ရခဲ့လို့ အုပ်စုက ပြုတ်တဲ့ လက်ရှိ ချန်ပီယံ အဖြစ် သမိုင်းသစ်ရေးပြီး ချန်ပီယံလိဂ် ကနေ ထွက်သွား ခဲ့ပြီ ဖြစ်ပါတယ်။

ဒီတော့ ဒီနှစ် ပရီးမီးယား အသင်းတွေ သိပ် မျက်နှာပြလို့ မကောင်း ဖြစ်ခဲ့တယ်လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ ဒီတော့ အုပ်စု တွေကနေ ကျွတ်ပြီး နောက် ရှုံးထွက် အဆင့်ကို ဘယ်အသင်းတွေ တက်သွား ခဲ့သလဲ ဆိုတာ ကြည့်ရအောင်ပါ။

ချန်ပီယံလိဂ် ပြိုင်ပွဲတွေမှာ နောက်တဆင့် ဖြစ်တဲ့ ရှုံးထွက်ပွဲတွေကို တက်သွားတဲ့ အသင်းတွေ ကတော့

အုပ်စု အေ မှာ ပါရီဆန်ဂျာမန်း နဲ့ ပေါ်တို

အုပ်စု ဘီ မှာတော့ ရှော်လ်ကာ ၀၄ နဲ့ အာဆင်နယ်

အုပ်စု စီ မှာ မာလာဂါနဲ့ အေစီမီလန်

အုပ်စု ဒီ မှာ ဒေါ့မန် နဲ့ ရီးယဲလ် မဒရစ်

အုပ်စု အီး မှာ ယူဗန်းတပ်စ်နဲ့ ရှာ့ခ်တာ ဒေါညက်

အုပ်စု အဖ် မှာတော့ ဘိုင်ယန် မြူးနစ်နဲ့ ဗလင်စီယာ

အုပ်စု ဂျီ မှာ ဘာစီလိုနာနဲ့ ဆဲလ်တစ်

အုပ်စု အိတ်ချ် မှာ တော့ မန်ချက်စတာ ယူနိုက်တက်နဲ့ ဂါလာတာ ဆာရေးတို့ တက်သွား ခဲ့ကြပါတယ်။

အဲဒီ အုပ်စု တွေကနေ တက်ခဲ့ကြတဲ့ အသင်းတွေ ရှုံးထွက် ပွဲတွေမှာ ဘယ်အသင်းနဲ့ ဘယ်အသင်း တွေ့ကြမလဲ ဆိုတာကိုတော့ လာမယ့် ဒီဇင်ဘာ ၂၀ ရက်မှာ မဲနှိုက်ကြမှာ ဖြစ်ပါတယ်။

အခုတော့ ပရီးမီးယား လိဂ် ဘက်ကို လှည့်ရအောင်ပါ။

စနေနေ့က ကန်ခဲ့ကြတဲ့ ပရီးမီးယားလိဂ် ပွဲတွေမှာတော့

အာဆင်နယ် က သူ့အိမ်ကွင်းမှာ ဝက်စ်ဘရောမ်း ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွား ခဲ့ပါတယ်။

အက်စ္စတန်ဗီလာကတော့ အိမ်ကွင်းမှာ ကစားရပေမယ့် စတုခ်စီးတီးကို ဂိုးမရှိ သရေပဲ ကစား နိုင်ခဲ့ပါတယ်။

ဆောက်သမ်တန်နဲ့ ရဒ်ဒီန်း တို့ ပွဲမှာတော့ အိမ်ရှင် အသင်း ဆောက်သမ်တန်က ၁ ဂိုး ဂိုးမရှိနဲ့ နိုင်ပါတယ်။

ဆန်းဒါးလန်းနဲ့ ချဲလ်ဆီးတို့ ပွဲမှာတော့ ဧည့်သည် အသင်း ချဲလ်ဆီးက ၃ ဂိုး ၁ ဂိုး နဲ့ နိုင်သွား ခဲ့ပါတယ်။

ပြီးခဲ့တဲ့ တပတ်မှာ အာဆင်နယ်ကို အဝေးကွင်းမှာ ခြေစွမ်းပြ ပြီး အနိုင်ကစား ခဲ့တဲ့ ဆွမ်ဆီး အသင်းကတော့ ဒီတကြိမ် အိမ်ကွင်းမှာ နောရစ်(ချ) အသင်းကို လက်ခံ ကစားခဲ့ရပေမယ့် နောရစ်(ချ)က ခြေစွမ်းပြလို့ ၄ ဂိုး ၃ ဂိုး နဲ့ ရှုံးသွား ခဲ့ရပါတယ်။

ဝစ်ဂန် နဲ့ ကျူပီအာ တို့ ပွဲမှာတော့ ၂ ဂိုး စီသရေနဲ့ပဲ ပွဲပြီး သွားခဲ့ပါတယ်။

တနင်္ဂနွေ နေ့မှာတော့ ဒီနှစ် ပရီးမီးယား လိဂ်ရဲ့ ထိပ်ဆုံး ၂ သင်းဖြစ်တဲ့ မန်စီးတီးနဲ့ မန်ယူနိုက်တက် တို့ရဲ့ မန်ချက်စတာ ဒါဘီ ပွဲကို မန်စီးတီးရဲ့ ကွင်းမှာ ကန်ခဲ့ကြပါတယ်။

မန်စီးတီးက အိမ်ကွင်းမှာ ၂ နှစ်နီးပါးလောက် လိဂ်ပွဲ တပွဲမှ မရှုံးသေးတဲ့ အသင်းဖြစ်သလို မန်ယူနိုက်တက်ကလည်း ခံစစ်က မိုးယိုသလို ဂိုး ယိုနေတာမို့ ဒီနှစ်သင်း တွေ့ကြရင် မန်ယူ နောက်တန်းတော့ မချောင်ဘူးလို့ တွက်ထား ခဲ့ကြတာပါ။

မန်ယူဟာ ဒီနှစ်မှာ နောက်ကလိုက် ကစား ခဲ့ရတဲ့ ပွဲတွေ တော်တော်များနေပြီး တိုက်စစ်ကောင်းနေလို့သာ အိပ်ပေါက်နဲ့ ဖားကောက်ရင်း ဒီလောက် အခြေအနေ ကောင်းနေတာ ဖြစ်ပါတယ်။

ပွဲစထဲက မန်စီးတီးက အိမ်ရှင်ပီပီ တိုက်စစ်နဲ့ ဖွင့်ကစားပါတယ်။ ဒါပေမယ့် ဂိုးရသွားတာက ဧည့်သည် အသင်းပါ။ ၁၆ မိနစ်မှာ မန်စီးတီး တိုက်စစ်ကနေ ပြန်အံထွက် တဲ့ဘောလုံးကို မန်ယူက အပေးအယူ ၁၀ ချက်လောက်နဲ့ တန်ပြန် ကစားပြီး ရူနီက သွင်းယူသွား ခဲ့တာပါ။

နောက် ၂၉ မိနစ် မှာ ရူနီကပဲ နောက်တလုံး ထပ်သွင်းပြီး ပထမပိုင်း အပြီး မန်ယူက ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင် နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ မန်စီးတီးဘက်က ပိုပြီး တိုက်စစ်ဆင် ချေပဂိုးတွေ သွင်းဖို့ ကြိုးစား ခဲ့ကြပါတယ်။ မန်ယူ နောက်တန်း ခါတိုင်းလောက် အမှားမလုပ်ပေမယ့် ဒုတိယပိုင်း မိနစ် ၆၀ မှာ တိုရေ ကတလုံးသွင်း၊ နောက် ၈၆ မိနစ်မှာ ဇာဘာလက်တာက တလုံး ထပ်သွင်းလို့ ပွဲကတော့ ၂ ဂိုးစီ သရေ ဖြစ်တော့မယ်၊ ဒါမှ မဟုတ်လဲ မန်စီးတီးဘက်ကပဲ နောက်တလုံး ထပ်သွင်းနိုင်မလား ထင်ထား ကြတဲ့ အချိန်မှာ ပွဲပြီးခါနီး နာကျင် အချိန်ပိုမှာ

မန်ယူ အတွက် ဗန်ပါစီက ဖရီးကစ်က တဆင့် သွင်းသွား ခဲ့လို့ မန်ယူက မန်စီးတီးကို သူ့ရဲ့ ကွင်းမှာ ၂ နှစ် အတွင်း ပထမဆုံး အရှုံး ကို ဖန်တီးပေးသွား ခဲ့ကြပါတော့တယ်။

ပွဲ အပြီးမှာတော့ မန်ယူ နည်းပြကြီးဆာအဲလက်စ် ဖာဂတ်ဆင်က ပွဲပြီးခါနီးမှာ မန်စီးတီးက ၂ ဂိုး အရှုံးကနေ သရေ ပြန်လိုက် လာတဲ့ အခါ ပွဲကို မရှုံးဖို့ ဂရုစိုက်ခဲ့ရတဲ့ အကြောင်းနဲ့ သူတို့ အခုလို နိုင်ခဲ့ရတာကတော့ အပိုဆု လိုပါပဲလို့ သုံးသပ် ပြောကြား သွား ခဲ့ပါတယ်

တနင်္ဂနွေ နေ့က ကန်ခဲ့ကြတဲ့ တခြား ပွဲစဉ် တွေမှာတော့

အဲဗာတန် အသင်းက တော့တင်ဟမ် အသင်းကို ၂ ဂိုး ၁ ဂိုး နဲ့ နိုင်သွား ခဲ့ပြီး

တမြို့ထဲ အသင်းဖြစ်တဲ့ လစ်ဗာပူးကလည်း ဝက်စဟမ်း ယူနိုက်တက်ကို ၃ ဂိုး ၂ ဂိုး နဲ့ နိုင်သွား ခဲ့ကြပါတယ်။

အဲဒီ မန်ချက်စတာ ဒါဘီ ပွဲ နိုင်လိုက်လို့ မန်ချက်စတာ ယူနိုက်တက်ဟာ ပရီးမီးယား လိဂ် ဇယားကို ၃၉ မှတ်နဲ့ ဒုတိယ လိုက်တဲ့ မန်စီးတီးကို ၆ မှတ် ဖြတ်လို့ ဦးဆောင် သွားနိုင် ခဲ့ပြီ ဖြစ်ပါတယ်။ တတိယ နေရာမှာတော့ ချဲလ်ဆီးက ၂၉ မှတ်နဲ့ ရှိနေကြပါတယ်။

တခါ မြန်မာ ဘောလုံး သတင်း အနေနဲ့ ကတော့ မြန်မာ အသက် ၁၉ နှစ်အောက် မြန်မာ အမျိုးသမီး အသင်းဟာဖြင့် ထိုင်းအသင်းနဲ့ ကစား ခဲ့ရာမှာ မြန်မာ အမျိုးသမီး လေးများက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့လို့ အခုတော့ လာမယ့် ၂၀၁၃ အသက် ၁၉ နှစ်အောက် အမျိုးသမီး အာရှ ချန်ပီယံ ဖလား ပြိုင်ပွဲမှာ ခြေစစ်ပွဲ အောင်မြင် သွားခဲ့ပြီ ဖြစ်ကြောင်း ဂုဏ်ယူစရာ သတင်းကောင်းလေး ပါရင်းနဲ့ အားကစား သတင်းတွေကို ဒီမှာပဲ အဆုံးသတ်ပါတယ်။

Multimedia

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။