ဌာနအကြောင်း

ဘီဘီစီ မြန်မာပိုင်း အစီအစဉ်

မြန်မာနိုင်ငံသတင်းတွေနဲ့အတူ နိုင်ငံတကာမှာဖြစ်နေတဲ့ သတင်းနှင့် မျက်မှောက်ရေးရာတွေကို တင်ဆက် ပေးနေပါတယ်။ ဘီဘီစီအနေနဲ့ ဘက်လိုက်မှုမရှိပဲ ကွဲပြားခြားနားတဲ့ အတွေးအမြင် အစုံစုံ၊ အဓိကကျတဲ့ ရှုထောင့်တွေကနေ လေ့လာဆန်းစစ်ချက်တွေနဲ့ ဝေဝေဆာဆာ တင်ဆက်ပေးနေတာပါ။

မြန်မာဌာနဟာ ဘာသာစကား ၂၆ မျိုးနဲ့ တင်ဆက်နေတဲ့ ဘီဘီစီ ကမ္ဘာတလွှားသတင်းဌာနကြီးရဲ့ ဌာနခွဲတစ်ခု ဖြစ်ပါတယ်။ ဘီဘီစီအနေနဲ့ ဘက်မလိုက်ဖို့၊ သတင်းလွတ်လပ်မှုရှိစေဖို့၊ အရည်အသွေး အမြင့်မားဆုံးတင်ပြနိုင်ဖို့အတွက် အစဉ်တစိုက် ဦးတည်ထားပါတယ်။

ကမ္ဘာ့နိုင်ငံတွေမှာ ဘီဘီစီ သတင်းထောက်တွေရှိသလို မြန်မာနိုင်ငံသတင်းနဲ့ ပတ်သက်လို့လည်း မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ မြန်မာဌာနရဲ့ သတင်းထောက်တွေထားရှိပြီး၊ မျက်မှောက်ရေးရာတွေကို အမြဲမပြတ်စောင့်ကြည့် သတင်းရယူပေးပို့ နေပါတယ်။

နှစ်ခုနှစ်ဆယ်နီးပါး ကျော်ဖြတ်သန်းခဲ့တဲ့ သတင်းအတွေ့အကြုံ

ပထမဦးဆုံး မြန်မာဘာသာ အစီအစဉ်ကို ၁၉၄၀ စက်တင်ဘာလ ၂ရက်နေ့ ကမ္ဘာ့အရှေ့ဖျားမှာ စစ်ဖြစ်နေတဲ့ အချိန်မှာ စတင်ထုတ်လွှင့်ခဲ့တာပါ။ ဘီဘီစီက ပထမဦးဆုံးထုတ်လွှင့်ခဲ့တဲ့ အာရှဘာသာစကား အစီအစဉ် သုံးမျိုးထဲမှာ မြန်မာဘာသာအစီအစဉ် ပါဝင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၀ နှစ်ထဲမှာ ဘီဘီစီ မြန်မာဌာနရဲ့ သက်တမ်းဟာ နှစ် (၇၀) ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

ဘီဘီစီနဲ့ မြန်မာ့သမိုင်းမှတ်တိုင်များ

မြန်မာ့နိုင်ငံရေးနဲ့ လူမှုရေးရာ အဖြစ်အပျက်မျိုးစုံတွေကို နှစ်ပေါင်းခုနှစ်ဆယ် ဖြတ်သန်းတင်ဆက် ပေးလာခဲ့တာပါ။ မြန်မာ့လွတ်လပ်ရေး ကြေညာတဲ့အချိန်၊ သမိုင်းစဉ်တလျှောက် ဖြစ်ခဲ့တဲ့ လူထုအုံကြွ မှုတွေနဲ့ စစ်တပ်ရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ၁၉၉၀ခုနှစ် မေလရွေးကောက်ပွဲ၊ မြန်မာ့သမိုင်းမှာ မကြုံစဖူး ဆိုးဝါးလှတဲ့ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း သဘာဝကပ်ဘေးကြီး အကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်က ပြန်လွတ်လာတဲ့ သတင်းလို အထင်ကရ အဖြစ်အပျက် တွေကို ပြည့်ပြည့်စုံစုံ တင်ဆက်ပေးနေခဲ့တာပါ။

နေ့စဉ် ထုတ်လွှင့်နေတဲ့ အစီအစဉ်များ

တနေ့လျှင် သုံးကြိမ် စီစဉ်တင်ဆက်ပေးနေပါတယ်။

နံနက်ပိုင်းအစီအစဉ်ကို မြန်မာစံတော်ချိန် နံနက် ၆နာရီခွဲက ၇နာရီထိ

အဲဒီ အစီအစဉ်ကိုပဲ နံနက် ၈ နာရီခွဲက ၉ နာရီအထိ ပြန်လည် ထုတ်လွှင့်ပေးနေပါတယ်။

ညနေပိုင်းအစီအစဉ်ကို မြန်မာစံတော်ချိန် ည ၈နာရီ ၁၅ မိနစ်က ၉နာရီထိ ထုတ်လွှင့်နေပါတယ်။

သတင်းအမှောင် ချထားခံနေရတဲ့ မြန်မာပြည်သူလူထုအတွက် ပြည်တွင်း ပြည်ပသတင်းတွေကို အတိကျ အသေချာဆုံး ဖြစ်အောင် စုံစမ်းစီစစ်ပြီး တင်ဆက်ပေးနေပါတယ်။

ဘီဘီစီကို နားထောင်နိုင်တဲ့နည်းလမ်းတွေ

ဘီဘီစီကို ပြည်တွင်း သောတရှင်အများစုက လှိုင်းတိုရေဒီယိုကတဆင့် ဖမ်းယူနားဆင်ကြသလို၊ အင်တာနက် ဝက်ဘ်ဆိုဒ်ကလည်း ဝင်ရောက် ကြည့်ရှု နားဆင် နိုင်ပါတယ်။ ပြောင်းလဲလာနေတဲ့ ခေတ်သစ် နည်းပညာတွေနဲ့ အတူ ဘီဘီစီအစီအစဉ်တွေကို RSS Feed၊ Podcasts တွေနဲ့လဲ ရယူနားဆင်နိုင်ကြပြီ ဖြစ်ပါတယ်။

ဘီဘီစီရဲ့ နေ့စဉ်ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်တွေကိုလည်း အီးမေးလ် သတင်းလွှာ အဖြစ် မှာယူသူတွေ ဆီကို ပို့ပေးနေပါတယ်။

ဒီနေရာကို နှိပ်ပြီး သတင်းလွှာ မှာယူ နိုင်ပါတယ်။

ဘီဘီစီကို Facebook ကလဲ ဝင်ရောက် ကြည့်ရှု နိုင်ကြပါတယ်။

သောတရှင်တွေရဲ့ အားပေးမှု

ဘီဘီစီမြန်မာပိုင်း အစီအစဉ်ဟာ အပတ်စဉ် ပြည်တွင်း သောတရှင်အားလုံးရဲ့ ၂၃% အားပေးထောက်ခံမှု ရနေ ပြီး၊ ပျမ်းမျှအားဖြင့် အပတ်စဉ် နားဆင်သူ ၈.၃ သန်းခန့် ရှိတယ်လို့ ၂၀၁၀ ခုနှစ်မှာ ပြုလုပ်တဲ့ သတင်း မီဒီယာလေ့လာမှု စစ်တမ်းမှာ တွေ့ရှိရပါတယ်။