BBC navigation

OIC ရုံးခွဲမြန်မာနိုင်ငံမှာ ဖွင့်ခွင့်ရရေး ထပ်ကြိုးပမ်း

နောက်ဆုံး ရေးသားချိန် 24 ဒီဇင်ဘာလ 2012 - 00:15 GMT

OIC အစ္စလာမ် ဘာသာ ကိုးကွယ်တဲ့ နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ အမှတ်တံဆိပ်

အစ္စလာမ်ဘာသာ ကိုးကွယ်သော နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ အိုအိုင်စီ အဖွဲ့ဝင် နိုင်ငံတွေက နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ ပြီးခဲ့တဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ မြန်မာနိုင်ငံကို တကြော့ပြန် သွားရောက်မယ်ဖို့ အစိုးရကို ကမ်းလှမ်း တောင်းဆိုထားတယ်လို့ အိုအိုင်စီက ဘီဘီစီကို ပြောပါတယ်။

အီဂျစ်နိုင်ငံက ပြီးခဲ့တဲ့ အစ္စလာမ်ဘာသာ ကိုးကွယ်သော နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အိုအိုင်စီရဲ့ အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ ဆွေးနွေးတင်ပြခဲ့တဲ့ ရခိုင်ဒေသက ပြဿနာတွေ ပြေလည်ဖို့ အိုအိုင်စီက တာဝန်ရှိတဲ့ အဖွဲ့တဖွဲ့ ထပ်မံသွားရောက်ဖို့အရေးကို နိုင်ငံခြားရေးဝန်ကြီးတွေ သဘောတူ ဆုံးဖြတ်ခဲ့ပြီးနောက် မြန်မာအစိုးရဆီကို ထပ်မံ လာရောက်ခွင့်ပြုဖို့ တင်ပြထားတဲ့အကြောင်း အိုအိုင်စီ အတွင်းရေးမှုးချုပ်ရဲ့ လူနည်းစုအခွင့်အရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် သံအမတ်ကြီး ဆာအိဒ် ကာဆင်မ် အယ်လ် မာစရေးက ဘီဘီစီကို ရှင်းပြခဲ့ပါတယ်။

အိုအိုင်စီ အနေနဲ့ ဆောင်ရွက်နိုင်တဲ့ လုပ်ငန်းတွေကို ဆောင်ရွက်နိုင်ဖို့ ဝန်ကြီး အဆင့်ရှိတဲ့ အဖွဲ့တခုကို အိုင်အိုစီက လွှတ်နိုင်ရင် ကောင်းမယ်လို့ ယူဆတယ်၊ သူတို့က နယ်မြေအထိ သွားလေ့လာပြီး ခိုင်ခိုင်မာမာ အစီရင်ခံစာတခု အိုအိုင်စီကို ပြန်တင်ပြနိုင်ရင် ဘာဆက်လုပ် ရမယ်ဆိုတာကို ဆုံးဖြတ်နိုင်မှာ ဖြစ်တဲ့ အတွက် ကြောင့် မြန်မာ အစိုးရဆီကို လာခွင့်ပြုပါလို့ တင်ပြထားပြီး အစိုးရရဲ့ တုန့်ပြန်ချက်ကို စောင့်နေပါတယ်လို့ ပြောပါတယ်။

သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကတော့ အိုအိုင်စီ ကိုယ်စားလှယ်အဖွဲ့ လာမယ့်ကိစ္စကို အစိုးရရဲ့ စဉ်းစားချက်နဲ့ ပတ်သက်လို့ လာခွင့်ပြု၊ မပြုကို တိုက်ရိုက်မဖြေကြားဘဲ အစိုးရရဲ့ အိုအိုင်စီအပေါ် ထားရှိတဲ့ လက်ရှိ မူဝါဒကိုသာ ရှင်းလင်းအောင် ပြောပြခဲ့ပါတယ်။

စောစောပိုင်းကတော့ အစိုးရအနေနဲ့ အိုအိုင်စီရုံးတွေ မြန်မာနိုင်ငံမှာ ဖွင့်လှစ်ဖို့ ခွင့်ပြုခဲ့ပြီး၊ လူထုရဲ့ ဆန္ဒပြ ကန့်ကွက်မှုတွေကြောင့် ဆုံးဖြတ်ချက်ကို ပြင်ဆင်လို့ အိုအိုင်စီရုံးတွေ မြန်မာနိုင်ငံမှာ ဖွင့်ခွင့်မပြုထားပါဘူးလို့ တရားဝင် ကြေညာ ထုတ်ပြန်ပေးခဲ့ရပါတယ်။

ဒါကြောင့် လက်ရှိ မြန်မာအစိုးရနဲ့ အိုအိုင်စီ ဆက်ဆံရေးက ဘယ်လို ရှိနေပါသလဲ ဆိုတာကို အိုအိုင်စီ အတွင်းရေးမှုးချုပ်ရဲ့ လူနည်းစုအခွင့်အရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် သံအမတ်ကြီး ဆာအိဒ် ကာဆင်မ် အယ်လ် မာစရေးကို မေးကြည့်တော့ မျက်မှောက် မြန်မာ့ ဒီမိုကရေစီ အပြောင်းအလဲ တွေကြောင့် ရိုဟင်ဂျာ မွတ်ဆလင်တွေ အတွက် အခွင့်အရေးတွေ ပိုရလာလိမ့်မယ်လို့ မျှော်လင့်ခဲ့မိပေမယ့် တကယ်တမ်းတော့ မရခဲ့ပါဘူး၊ ရခိုင်အရေးနဲ့ပတ်သက်ပြီး အိုအိုင်စီက ကနဦးအဖွဲ့ သွားတော့ နယ်စပ် ရေးရာဝန်ကြီး ဗိုလ်ချုပ်ကြီး သိန်းဌေးတို့နဲ့တွေ့လို့ လူသားချင်းစာနာတဲ့ ကူညီထောက်ပံ့မှုတွေ ပေးဖို့ကို သဘောတူခဲ့တယ်လို့ ဆိုပါတယ်။

ရန်ကုန်နဲ့ စစ်တွေမှာ အိုအိုင်စီရုံးတွေဖွင့်လို့ အစိုးရနဲ့တောင် သဘောတူလက်မှတ်တွေ ထိုးနိုင်ခဲ့ပြီး ဆော်ဒီဘုရင်က အမေရိကန် ဒေါ်လာ သန်း ၅၀ နဲ့ တခြားနိုင်ငံတွေကလည်း အကူငွေတွေ ထည့်လို့ မြန်မာပြည်ကို အိုအိုင်စီအဖွဲ့ စေလွှတ်ဖို့ ပြင်တုန်း ဆင်တုန်းကြကာမှ မြန်မာ အစိုးရဆီကနေ ဆိုင်းပါဦး၊ နေပါဦးလို့ သတင်းစကား ပါလာခဲ့ ပါတယ်လို့ သူက ပြောပါတယ်။

အကြောင်းကတော့ မြန်မာပြည်မှာ အိုင်အိုင်စီကိုရော၊ အိုအိုင်စီရုံးတွေ ဖွင့်ဖို့ကို လူထုက ဆန္ဒပြ ကန့်ကွက်ကြတယ် ဆိုတော့ အစိုးရနဲ့ အိုအိုင်စီကြား သဘောတူထားတွေ အားလုံးအကုန် ဆိုင်းထား လိုက်ရပါတယ်လို့ အိုအိုင်စီ ပြောခွင့်ရသူက ဘီဘီစီကို ပြောပါတယ်။

ဒီတော့ အိုအိုင်စီရဲ့ အခုလို တကြော့ပြန်ကြိုးပမ်းမှုတွေက အရာထင်နိုင်မလား၊ အစိုးရအနေနဲ့ အိုအိုင်စီရုံးတွေ ပြန်ဖွင့်ခွင့်ပေးနိုင်မလားလို့ မေးကြည့်တော့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကတော့ မပေးပါဘူးလို့ ဘီဘီစီကို ပြောပါတယ်။

တခါ အီရန်နိုင်ငံကလည်း ဒီရခိုင့်အရေးနဲ့ ပတ်သက်လို့ နယ်မြေ ကွင်းဆင်း လေ့လာဖို့ မီဒီယာအဖွဲ့တွေ အပါအဝင် အီရန် ပါလီမန် အဖွဲ့တဖွဲ့ မြန်မာနိုင်ငံကို လာဖို့ရှိနေတယ်လို့ သတင်းတွေ ထွက်နေတဲ့အပေါ် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကတော့ သူတို့အနေနဲ့ သိရှိထားခြင်း မရှိသေးဘူးလို့ ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။