BBC navigation

လက်ပံတောင်းကော်မရှင် လျော်ကြေးကိစ္စ စစ်ဆေးမယ်

နောက်ဆုံး ရေးသားချိန် 22 ဒီဇင်ဘာလ 2012 - 15:52 GMT
Daw Aung San Suu Kyi

မုံရွာမှာ လူထုကို မိန့်ခွန်းပြောကြားနေတဲ့ ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် ပါဝင်တဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး ကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေနဲ့ပတ်သက်လို့ ဒီကနေ့ထုတ် သတင်းစာတွေကတဆင့် ထုတ်ပြန်ရာမှာ စီမံကိန်း ဝန်းကျင်ထိခိုက်မှုနဲ့ လူမှုဘဝ ထိခိုက်မှုတွေကို ပညာရှင်တွေနဲ့ ဆက်လက် စစ်ဆေးမယ်လို့သာ ပါရှိပြီး၊ အာဏာပိုင်တွေရဲ့ ဆန္ဒပြသူတွေအပေါ် နှိမ်နင်းမှုတွေနဲ့ ပတ်သက်လို့တော့ ထည့်သွင်း ဖော်ပြထားတာ မပါရှိခဲ့ပါဘူး။

ကော်မရှင်အဖွဲ့ဝင်တဦး ဖြစ်တဲ့ ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်ကတော့ သံဃာတော်တွေ မီးလောင်ခံရပြီး ထိခိုက်ဒဏ်ရာတွေရခဲ့တဲ့ ဆန္ဒပြနှိမ်နင်းမှုတွေကိုလည်း တရားဥပဒေစိုးမိုးမှုမဲ့လို့ ဖြစ်တာလို့ သုံးသပ်ပြီး လက်ရှိမှာတော့ ဒီကိစ္စတွေကို ဆက်လက် စစ်ဆေးနေဆဲဖြစ်လို့ မကြာခင် ဥက္ကဌဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ထုတ်ပြန်ပေးသွားမယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဒီကနေ့ထုတ်ပြန်ချက်မှာတော့ ကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေကို အသားပေးဖော်ပြထားပြီး အဲဒီမှာ စီမံကိန်းအတွက် ဖယ်ရှားပေးဖို့ လျော်ကြေးပေးလျော်ကြေးယူကိစ္စတွေကိုလည်း ပြန်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်မယ်လို့ ပါရှိပါတယ်။

ကော်မရှင်ဟာ စီမံကိန်းဒေသထဲက စီးပွားရေးဦးပိုင်နဲ့ တရုတ်ကုမ္ပဏီဖြစ်တဲ့ ဝမ်ပေါင်ကုမ္ပဏီတို့ရဲ့ စက်ရုံတွေနဲ့ လုပ်ငန်း လုပ်ဆောင်ပုံတွေကိုလည်း စစ်ဆေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

စီမံကိန်းနဲ့ ပတ်သက်လို့ စီမံကိန်း ဧရိယာထဲက ပြည်သူတွေကို လျော်ကြေးပေးထားတဲ့ ကိစ္စတွေကို လျော်ညီမညီ ကော်မရှင် အနေနဲ့ ပြန်လည် စစ်ဆေးပေးသွားမယ်လို့ သိရပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။