BBC navigation

လက်ပံတောင်းအရေး ဥပဒေအရ ဆောင်ရွက်မယ်

နောက်ဆုံး ရေးသားချိန် 6 ဒီဇင်ဘာလ 2012 - 12:04 GMT

ကြေးနီ စီမံကိန်းနဲ့ ပတ်သက်ပြီး အကျိုးရှိ သလား ဆိုတာကို ရေရှည် အမြင်နဲ့ ကြည့်မယ်

လက်ပံတောင်းတောင် အရေးနဲ့ ပတ်သက်တဲ့ စုံစမ်း စစ်ဆေးရေး ကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာမှာ လက်ပံတောင်း ကိစ္စကို တရား ဥပဒေ အတိုင်း ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ အဓိက ပြောကြားသွား ပါတယ်။

ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်မှာ ဒီသတင်းစာ ရှင်းလင်းပွဲကို ပြုလုပ် ခဲ့တာ ဖြစ်ပြီး၊ လူတိုင်းဟာ တရား ဥပဒေနဲ့ အညီ သံသယရဲ့ အကျိုးကို ခံစားခွင့် ရှိရမှာ ဖြစ်တယ် လို့လည်း သူက ပြောကြား ပါတယ်။

သပိတ်စခန်း ဖြိုခွဲ ခဲ့တဲ့ ကိစ္စကို တရားဥပဒေ စိုးမိုးရေးမူအရ စုံစမ်း နေပြီ ဖြစ်ကြောင်းနဲ့ စုံစမ်း စစ်ဆေးပြီး အဖြေ ပေါ်တဲ့ အချိန်မှသာ ဒီကိစ္စနဲ့ ပတ်သက်ပြီး ထုတ်ပြန် ပြောဆိုမှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။

စုံစမ်း စစ်ဆေးမှုတွေ လုပ်ရာမှာ တိုင်းပြည်နဲ့ နိုင်ငံသားတွေရဲ့ ရေရှည် အကျိုး စီးပွားကို ရှေ့ရှုပြီး ဆောင်ရွက်သွားမှာ ဖြစ်လို့ အားလုံး ကျေနပ်အောင်တော့ လုပ်နိုင်မှာ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က သတိပေးခဲ့ ပါတယ်။

သက်ဆိုင်ရာ အပိုင်း အလိုက် ကျွမ်းကျင်တဲ့ ပညာရှင်တွေ၊ ဘာသာရေး အရ ရိုသေ လေးစားခံရတဲ့ ပုဂ္ဂိုလ်တွေရဲ့ အကူအညီကို ရယူ ဆောင်ရွက်သွားမှာ ဖြစ်ပြီး အစိုးရ ဘက်က ပါဝင် စုံစမ်းစစ်ဆေးတာမျိုး ရှိမှာ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ် နေစဉ် အတွင်း သတင်းထောက်တွေကို သီးခြား ပြောဆိုမှာ မဟုတ်ကြောင်းနဲ့ သတင်း ထုတ်ပြန်မှုတွေကိုသာ ပြုလုပ် ပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။